မားကတ်တင်း ပျော့သလား မာသလား?

မားကတ်တင်း - ပျော့သလား မာသလား

မားတက်တင်းဟာ Soft Skill လား?

ပရော်ဖက်ရှင်နယ်လို့ဆိုလိုက်ရင် ဆရာဝန်၊ အင်ဂျင်နီယာပဲ ပြေးမြင်တတ်တဲ့ မြန်မာပြည်မှာ မားကတ်တင်းကို Soft Skill လို့ မြင်တဲ့သူတွေများနေတာ ဆန်းတော့မဆန်းပါဘူး။ စာရွက်ပေါ်ချရေးထားတဲ့ တိကျတဲ့ နည်းစနစ်တွေ၊ ခိုင်မာတဲ့ ဖော်မြူလာတွေမရှိပဲ အတွေးအခေါ်နဲ့ စိတ်ကူးကိုအခြေတည်ထားတဲ့ ပညာရပ်တွေကို Soft Skill လို့သတ်မှတ်နိုင်ပြီး ကန့်သတ်ချက်တွေ၊ ဉပဒေအရ တားမြစ်ချက်တွေအပြင် သင်တန်းကျောင်းတစ်ခုခုမှာ နှစ်ရှည်လများသင်ကြားပြီးမှ တတ်မြောက်နိုင်တယ်လို့ အများကလက်ခံထားတဲ့ ပညာရပ်တွေကိုတော့ Hard Skill လို့သတ်မှတ်နိုင်ပါတယ်။

လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ပညာရပ်တွေ (ဉပမာ – ဆက်ဆံရေး၊ အများရှေ့စကားပြောဆိုခြင်း) ကို Soft Skill လို့သတ်မှတ်လေ့ရှိတဲ့အတွက် လူအများနဲ့ဆက်ဆံရတယ်လို့ တွေးထင်ထားတဲ့ မားကတ်တင်းကို Soft Skill ထဲ ထည့်ပစ်လိုက်ကြတာပါ။ အရောင်းနဲ့ မားကတ်တင်း ကွဲပြားစွာနားမလည်ခြင်းကလဲ မားကတ်တင်းကို Soft Skill ထဲထည့်ဖို့ အကြောင်းဖန်လာတာပေါ့။ ဆိုင်တကာပတ်ပြီး ဈေးရောင်းတာကို မားကတ်တင်းဆင်းတယ် လို့ သုံးနှုန်းလိုက်ကတည်းက မားကတ်တင်းရဲ့ သဘောတရားတွေပျောက်ကွယ်သွားတာပါ။ ဝင်ငွေအရ ကျဉ်းမြောင်းတဲ့ ပြည်တွင်းဈေးကွက်မှာ နိုင်ငံခြားဖြစ် နာမည်ရပြီးသားထုတ်ကုန်တွေကို ရောင်းချတဲ့အခါ မားကတ်တင်းပညာရပ်ကို အသုံးမဝင်ဘူးလို့ ယူဆကြတဲ့သူတွေလဲ အခုထိ ဒုနဲ့ဒေးပါပဲ (အပြစ်တော့မဆိုသာ)။ မားကတ်တင်းဟာ Hard Skill လား Soft Skill လား မပြောခင် Hard Skill ဆိုတာဘာလဲ အရင်ပြောချင်ပါတယ်။

Hard Skill ဆိုတာ…

လုပ်ငန်းခွင်မှာ ဝန်ထမ်းတစ်ယောက် အမှန်တကယ် နေ့စဉ်နေ့တိုင်း မဖြစ်မနေလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပညာရပ်တွေကို Hard Skill လို့သတ်မှတ်တယ်။ ဉပမာ – Web Developer တစ်ယောက်ခန့်မယ်ဆိုပါတော့၊ Programming Language တွေ (ဉပမာ – Java Script) Tools တွေ Framework တွေဟာ သူ့အတွက် Hard Skills တွေပဲ။ စက်ပြင်တစ်ယောက်ခန့်မယ်ဆိုပါတော့၊ ပုံမှန်ပြင်ဆင်မှု၊ အကြီးစားပြင်ဆင်မှု၊ အဲယားကွန်းပြင်ဆင်မှု စတာတွေက သူ့အတွက် Hard Skill တွေပဲ။ တိုတိုတုတ်တုတ်ပြောရရင် လူတစ်ယောက်မှာ Hard Skill မရှိရင် အလုပ်မရဘူးပဲ။

သက်ဆိုင်ရာ အလုပ်နေရာတစ်ခုအတွက် တိကျတဲ့ Hard Skill တွေ ရှိပါတယ်။ များသောအားဖြင့် Job Description မှာ ဒါတွေကို ထည့်သွင်းဖော်ပြထားတတ်တယ်။ အလုပ်နေရာပေါ်မူတည်ပြီး Hard Skill တွေဟာ အပြောင်းအလဲရှိတယ်။ ကားစက်ပြင်က PHP ကျွမ်းကျင်ဖို့မလိုသလို Web Developer က အင်ဂျင်ဝိုင်လဲတတ်စရာမလိုဘူး၊ ဆရာဝန်က ဉပဒေတွေ နားလည်စရာမလိုသလို ရှေ့နေက ဆေးထိုးတတ်စရာမလိုဘူး။ ဒါကြောင့် Hard Skill တစ်ခုဟာ သက်ဆိုင်ရာ အလုပ်နေရာတစ်ခု (သို့) ၂ ခု အတွက်သာ အသုံးတည့်လေ့ရှိပြီး ဘယ်အလုပ်နေရာအတွက်မဆို အသုံးလိုတယ်ဆိုတဲ့ Skill တွေကို Hard Skill လို့သတ်မှတ်ဖို့ခက်ပါတယ်။

Hard Skill တွေထဲမှာမှ လိုအပ်ချက်များတဲ့ Hard Skill နဲ့ လိုအပ်ချက် အရမ်းနည်းတာ (သို့) သူ့တစ်ခုထဲနဲ့ အလုပ်မရတဲ့ Hard Skill ဆိုပြီး ပြန်ခွဲခြားနိုင်ပါသေးတယ်။ ဉပမာ – Python Language ဟာ အိုင်တီနယ်ပယ်မှာ စွယ်စုံသုံး Hard Skill တစ်ခုပဲ။ Data Science ၊ AI ၊ Machine Learning ကနေ App Developing အထိ အသုံးပြုလို့ရတယ်။ သူနဲ့မတူကွဲပြားတာကတော့ Microsoft Office 365 ဖြစ်ပြီး ဒီပညာရပ်တတ်ကျွမ်းရုံနဲ့ အလုပ်တစ်နေရာရဖို့ ခဲယဉ်းနိုင်ပါတယ်။

Hard Skill တွေရဲ့ နောက်ထပ် ထူးခြားချက်တစ်ခုက သက်ဆိုင်ရာ သင်တန်းကျောင်း၊ ကောလိပ်၊ တက္ကသိုလ်တွေမှာ နှစ်ချီသင်ယူဖို့လိုအပ်ခြင်းပါပဲ။ တနည်းအားဖြင့် စိတ်ချရတဲ့ အဖွဲ့အစည်းတစ်ခုခုရဲ့ အသိအမှတ်ပြုလက်မှတ်ကို လိုအပ်ခြင်းပါပဲ။ YouTube ပေါ်ကနေ စာရင်းကိုင်ပညာရပ်ကို ဘယ်လောက်လေ့လာထားပါစေ၊ သက်ဆိုင်ရာ လက်မှတ် (ဉပမာ – LCCI ACCA Bachelor of Accounting) တွေ မပိုင်ဆိုင်ထားရင် စာရင်းကိုင်အလုပ်မရနိုင်ပါဘူး။ Hard Skill တစ်ခုအတွက် လက်မှတ်က နံပါတ်တစ်မို့ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်တွေမှာ ပညာမသင်ယူထားရင် (သို့) ဘွဲ့လက်မှတ် သင်တန်းဆင်းလက်မှတ် ဒီပလိုမာလက်မှတ်မရှိရင် အလုပ်မရနိုင်ပါဘူး။

ဒါဟာ တမျိုးတော့ကောင်းပါတယ်၊ Hard Skill ကို လိုအပ်တဲ့ အလုပ်တွေဟာ အသိအမှတ်ပြုလက်မှတ်ပါမှ လုပ်လို့ရတဲ့အတွက် ကိုယ့်မှာသာ Certificate တစ်ခုခုရှိနေရင် အလုပ်ရဖို့ ရာခိုင်နှုန်းအတော်များသွားပါပြီ။ ဉပမာ ဂျပန်သွားဖို့ N3 အောင်မှရမယ်ဆို၊ N3 သာအောင်ရင် ဂျပန်သွားနိုင်ပြီလို့ တဘက်လှည့်သတ်မှတ်နိုင်ပါတယ်။ သက်ဆိုင်ရာ Institiution က ပေးအပ်တဲ့ Certificate တွေသာပိုင်ထားရင် အလုပ်ရမှာမို့ အလုပ်နေရာတစ်ခုအတွက် မဖြစ်မနေလိုအပ်တဲ့ Hard Skill ကို ပိုင်ဆိုင်ထားသင့်ပါတယ်။

ကုမ္ပဏီတွေက မားကတ်တင်းအလုပ်ခေါ်တဲ့အခါ သက်ဆိုင်ရာ Hard Skill တွေကို JD ထဲမှာ ထည့်ပေးထားတတ်တယ်။ ဉပမာ – Copywriter ဆိုပါတော့… ဘယ်လိုစာမျိုးကို ဘယ်လိုပုံစံမျိုးရေးတတ်ရမယ်ဆိုတာကို ထည့်ပြောထားလိမ့်မယ်၊ ဒါက အခြေခံအကျဆုံးအဆင့်။ ဒစ်ဂျစ်တယ်မားတက်တင်း Executive အဆင့်လောက်ဆို Copywriting ၊ Web Design ၊ Content Marketing ၊ SEO စတာတွေကို Hard Skills တွေအနေနဲ့ JD ထဲ ထည့်ပြောထားလိမ့်မယ်။ Photoshop AI နဲ့ Premiere Pro တွေသုံးတတ်ရမယ်လို့တောင် ပါကောင်းပါနိုင်သေးတယ်။ မန်နေဂျာအဆင့်လောက်ကျတော့ ဒါတွေကို တခုတ်တရထည့်မရေးတော့ဘူး၊ စီးပွားရေးဘွဲ့ရလား၊ MBA လား ဒါပဲ မေးတော့မယ်၊ Hard Skill လိုအပ်ချက်အတွက် လုပ်သက် ဘယ်လောက် ဆိုတာနဲ့ ထောက်ထားလိုက်တယ်။ မားကတ်တင်းသာ Soft Skill ဆို ဒါတွေ ဘယ်ထည့်ရေးပါတော့မလဲ၊ လူတွေနဲ့ ဆက်ဆံရေးကောင်းရမယ်၊ အလိုက်အထိုက်နေတတ်ရမယ်၊ Client တွေနဲ့ ပြေလည်အောင်ပြောဆိုတတ်ရမယ် စတာတွေပဲ ပါမှာပေါ့။ တကယ့်လက်တွေ့မှာ ကုမ္ပဏီအများစုဟာ မားကတ်တင်း ဒီပလိုမာလေးတောင် မရထားတဲ့သူကို မားကတ်တင်း Executive ခန့်လေ့မရှိဘူး။

Skill တွေဘက်က ပြန်လှည့်ကြည့်ရအောင်။ AI Photoshop Premiere Pro ဒါတွေတတ်ထားရင် Graphic Designer ဒါမှမဟုတ် Editor အနေနဲ့ ခန့်လို့ရတယ်၊ PHP JavaScript WordPress စတာတွေ တတ်ထားရင် Web Developer အနေနဲ့ အလုပ်ရနိုင်တယ်။ သို့ပေသိ ဒစ်ဂျစ်တယ်မားကတ်တင်း Executive အဖြစ် လုပ်ချင်ရင်တော့ ဒီပညာရပ်တွေထက် Content Marketing Copywriting SEO စတာတွေ သိကိုသိနေဖို့လိုလာပါတယ်။ မားကတ်တင်းလုပ်ငန်းစဉ်ဘက်က ကြည့်ရင် မားကတ်တင်းပညာရပ်တွေက အရေးကြီးဆုံးမို့ပါပဲ။

မားကတ်တင်းပညာရပ်ဆိုတာဘာလဲ…

မားကတ်တင်းကို Hard Skill လို့ သတ်မှတ်ရင် သူ့မှာ တိကျတဲ့ နည်းစနစ်တွေ၊ Tools တွေ၊ ဖော်မြူလာတွေရှိဖို့လိုလာတယ်။ ဉပမာ – Hard Skill ဖြစ်တဲ့ စက်မှုအင်ဂျင်နီယာပညာရပ်မှာ Thermodynamics Fluid Mechanics Materials Science စတာတွေက နည်းစနစ်တွေ ဖော်မြူလာတွေဖြစ်ပြီး ဂွင်းဂွကအစ Scan Tool AutoCard MatLab စတာတွေက Tools တွေပါပဲ။

ဈေးကွက်သုတေသန Market Research ၊ စားသုံးသူအပြုအမူ Consumers Behavior ၊ ကြော်ငြာ Advertising ၊ လူထုဆက်ဆံရေး Public Relation ၊ Branding စတာတွေဟာ နည်းစနစ်တွေ ဖော်မြူလာတွေဖြစ်ပြီး Analysis လုပ်တဲ့ Tools တွေ Data Collecting လုပ်တဲ့ Tools တွေ စတာတွေဟာ မဖြစ်မနေသုံးရမယ့် ဆရာဝန်နားကြပ်လို အရာတွေပါပဲ။

ဒီလောက်ဆို မားကတ်တင်းဟာ Hard Skill ဆိုတာကိုလက်ခံလောက်မယ်ထင်ပါတယ်။

နောက်ဆောင်းပါးမှာတော့ Hard Skill ကို လေ့လာဖို့ လူတွေဘာလို့မေ့လာကြလဲ၊ Hard Skill နဲ့ IQ ဘယ်လိုဆက်စပ်လဲ ဆက်ရေးပါမယ်။

You might also like
No results found.

More Similar Posts

No results found.

Leave a Reply

Your email address will not be published.

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu